Myanma Foreign Trade Bank
MFTB | Myanma Foreign Trade Bank

MFTB | Myanma Foreign Trade Bank MFTB | Myanma Foreign Trade Bank
MFTB | Myanma Foreign Trade Bank
mftb

နောက်ခံသမိုင်း

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် ၁၉၅၄ခုနှစ်တွင်တည်ထောင်ခဲ့သော နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်၏ နိုင်ငံခြား လုပ်ငန်းဌာနမှ စတင်ပေါက်ဖွား လာခြင်းဖြစ်ပါသည်။ ၁၉၆၃ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် တိုင်းရင်းသားပိုင်နှင့် နိုင်ငံခြားသားပိုင်ကူးသန်းရောင်းဝယ်ရေး ဘဏ်များ အားလုံးကို နိုင်ငံပိုင်ပြုလုပ်ခဲ့ပါသည်။ ၁၉၇၀ ပြည့်နှစ် ၊ ဖေဖေါ်ဝါရီလ(၁)ရက်နေ့တွင် နိုင်ငံတော်ကူးသန်း ရောင်းဝယ်ရေးဘဏ်၊ နိုင်ငံတော်စိုက်ပျိုးရေးဘဏ်နှင့် နိုင်ငံပိုင်ပြုလုပ်ထားသော ပုဂ္ဂလိကဘဏ်များအား ထပ်မံပေါင်းစည်းဖွဲ့စည်းခဲ့ပါသည်။ ၄င်းအချိန်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ဘဏ်၊ နိုင်ငံခြား ငွေဌာန အမည်ဖြင့် နိုင်ငံခြားငွေလုပ်ငန်းများကိုဆောင်ရွက်ပေးသော တစ်ခုတည်းသော ဘဏ်လုပ်ငန်း ဌာန ဖြစ်ပါသည်။ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများအား စီးပွားရေးဆန်ဆန် ဆောင်ရွက်ရန် ချမှတ်ပေးခဲ့သော လမ်းညွှန်ချက်များနှင့် အညီဘဏ်စနစ်အနေဖြင့်လည်း စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၅ခုနှစ်တွင် ဘဏ်ဥပဒေအသစ်ကိုပြဋ္ဌာန်းခဲ့ပါသည်။ ယင်းဘဏ်ဥပဒေ အသစ်အရ ၁၉၇၆ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစတင်၍ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်၊ မြန်မာ့ စီးပွားရေးဘဏ်၊ မြန်မာ့စိုက်ပျိုးရေးဘဏ်နှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ဟူ၍ ဘဏ်(၄)ခု ခွဲကာ ဘဏ်လုပ်ငန်း များကို လုပ်ကိုင်ခဲ့ပါသည်၊ ၁၉၉၀ပြည့်နှစ်၊ ဇူလိုင်လ(၄)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်သည် ထိုနေ့တွင်ဖွဲ့စည်းတည်ထောင်ပြီးဖြစ်သည်ဟု ပြဋ္ဌာန်းပါရှိသဖြင့်၊ ယင်းဥပဒေနှင့်အညီ နိုင်ငံတကာ ဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်ပိုင်ဘဏ်တစ်ခု ဖြစ်ပါသည်။

ရည်ရွယ်ချက်

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည်နိုင်ငံတကာ ဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့သည့် နိုင်ငံတော်ပိုင်ဘဏ်တစ်ခု ဖြစ်သည့်အားလျော်စွာ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီ များ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းများ၊ နိုင်ငံသားများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံခြား ငွေပေးငွေယူကိစ္စများကို မိမိ၏ကြီးမားကျယ်ပြန့်ပြီး ခိုင်မာသော ပြည်ပအဆက်အသွယ်ဘဏ်များမှ တဆင့်ဖြစ်ပေါ်တိုးတက် လျှက်ရှိသော ခေတ်မီနည်းစနစ်များနှင့်အညီ ချောမွေ့လျင်မြန်စွာဆောင်ရွက်နိုင်မည့် အပြည်ပြည် ဆိုင်ရာ ဘဏ်လုပ်ငန်းစနစ်များဖြင့် နိုင်ငံတော်၏ငွေရေးကြေးရေးဝန်ဆောင်မှုကဏ္ဍ တိုးတက်မြင့်မား ရေးကို အကောင်အထည်ဖေါ်ရန်ဖြစ်ပါသည်။

ဖွဲ့စည်းမှု

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် အောက်ဖေါ်ပြပါအတိုင်း ဌာနခွဲ(၁၁)ခု ဖွဲ့စည်းထားရှိပြီး ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စအ၀၀ကို ဆောင်ရွက်လျက်ရှိပါသည်။

  1. စီမံရေးရာနှင့်ငွေကြေးဌာန
  2. ဘဏ်တွင်းစာရင်းစစ်ဌာန
  3. နိုင်ငံခြားငွေကြီးကြပ်ဌာန
  4. လေ့ကျင့်ရေးနှင့်လုပ်ငန်းဖွံ့ဖြိုးရေးဌာန
  5. သုတေသနနှင့်စာရင်းအင်းဌာန
  6. စာရင်းဌာန
  7. သွင်းကုန်ဌာန
  8. ပို့ကုန်ဌာန
  9. ငွေလွှဲဌာန
  10. ချေးငွေနှင့်ဘဏ်အာမခံဌာန
  11. အဆက်အသွယ်ဘဏ်များနှင့် SWIFT / ကြေးနန်းဌာန

နိုင်ငံတကာအသိအမှတ်ပြုဆုတံဆိပ်ချီးမြှင့်ခံရခြင်း

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် စပိန်နိုင်ငံ မက်ဒရစ်မြို့ အခြေစိုက် Business Initiative Directions ( BID ) မှ ၂၀၀၇ ခုနှစ်အတွက် Century International Quality Era Award(CQE) Gold Category ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါသည်။

နိုင်ငံတော်အကျိုးသယ်ပိုးထမ်းဆောင်နိုင်မှု

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ သမ၀ါယမကဏ္ဍမှ စီးပွားရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊ နိုင်ငံတကာကူးသန်း ရောင်းဝယ်မှုလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာကြသည်နှင့်အညီ အဆိုပါ လုပ်ငန်း များ၏ ငွေရေးကြေးရေး ဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် နိုင်ငံတော်ပိုင် ဘဏ်တစ်ခုအနေဖြင့် အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်ပေးလျှက် ရှိပါသည်။

MFTB | Myanma Foreign Trade Bank